Tuesday, October 2, 2012

ကျွန်တော်ရဲ့ ပို့မော်ဒန်

       ကျွန်တော်ရဲ့ ပို့မော်ဒန်

 ...  ရာသီဥတုက သာယာသလား မသာယာဘူးလားတော့ မသိဘူး ငါ့ စိတ်တွေကတော့ ၀ိုးတိုးဝါးတား အတွေးများနဲ့ ညနေခင်းတစ်ခုပြီး တစ်ခုကို ဖြတ်သန်းဖို့ တာစူနေတယ် ... အချိန်နာရီတွေကလဲ ကိုက်ဝါးဖို့ စောင့်ကြိုနေကျပဲ ... မွှန်းကျပ်ခြင်းရဲ့ ဖြေလျှော့ရာဟာ တစ်ကိုယ်တည်း နေထိုင်ခြင်းပဲ ...တစ်ယောက်တည်းပဲ ရှိနေတဲ့ အတ္တတစ်ခုနဲ့ ရောနှောနေထိုင်နေတဲ့ အတ္တတွေကြားမှာ လွန်းကြိုးဆွဲပွဲတွေ နေတိုင်းကြုံနေကြတာ လူတိုင်းပဲ မဟုတ်လား ...ပုဂ္ဂလအဓိဌာန် ကျကျနေထိုင်ခြင်းက ကျွန်တော်ရင်ဘတ်ကို ခလုတ်တိုက်လဲစေတယ် ... အမြင်သစ်တစ်ခုကို အသစ်မမြင်နိုင်တဲ့ သူတွေအတွက် အရာရာဟာ ဟောင်းနွမ်းနေမှာ အမှန်ပဲ...လူတစ်ကိုယ် အတွေးတစ်မျိုးနဲ့ လူတိုင်းဟာ မှန်နေတယ်ဆိုတာတော့ ယုံထားတယ် ...

   ... ကျွန်တော် အဖြူရောင် ကြိုက်တယ် ... အဲကြောင့် ညစ်နွမ်းအောင် အရောင်ဆိုး ခံရမဲ့ လူတစ်ယောက်အဖြစ် အဆင်သင့်ပြင်ထားသူ ဖြစ်နေတယ် .... ရင်ဘတ်နဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်အသိုင်းအ၀န်းရဲ့ လှောင်ရယ်သံတွေနဲ့ နေသားမကျရစေနဲ့လို့ တောင်းဆုပြုထားတယ် ...သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုပေမဲ့ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာ ပြန်ဖြစ်ဖို့ မျှော်လင့်နေတတ်သူ မဟုတ်ခဲ့ဘူး ... မျှော်လင့်ချက်တွေ အတိုင်းအဆမဲ့စွာနဲ့ အိပ်ပျက်ညတွေကို ဖြတ်သန်းခဲ့သူအတွက် ရလဒ်တစ်ခုက အိမ်မက်တွေ အဝေးကို ပြေးထွက်သွားခဲ့တာ ဆိုးတယ် ...

  ... အမှန် နဲ့ အမှားဟာ ဒင်္ဂါးပြားရဲ့ တစ်ဖက်တစ်ခြမ်းဆီမှာ နီးနီးလေးနဲ့ ကျောခိုင်းနေတဲ့ အရာနှစ်ခုပဲ ... ခေါက်ရိုးကျိုးနေတဲ့ နေ့ရက် အတိတ်တွေကြားမှာ ငါ့ အသိစိတ်တွေ အမြစ်တွယ်နေမှာစိုးတယ် ... ပြောင်းလဲခြင်းတရားတွေကြားမှာ အရောင်မပြောင်းတတ်တဲ့ ငါ့ရဲ့ ကျောက်ချထားတဲ့ စိတ်ကို ပြန်ဆယ်ရအုံးမယ် ... 

... အပြောနဲ့ အလုပ်မညီခြင်း ညီခြင်းကို လူတစ်ယောက်ရဲ့ ဖြူစင်တဲ့ အပြုံးနဲ့ တိုင်းတာလို့ရတယ် ... အလွှာအထပ်ထပ်နဲ့ မျက်နှာဖုံးတွေအောက်မှာ ဘယ်အရာတွေက အပိုင်စီးထားသလဲ ဘယ်သူသိမလဲ ... ဒါပေမဲ့ မျက်လုံးတွေကတော့ အမှန်တရားကိုသာ အော်ပြောနေမှာ ကျိန်းသေတယ် ... အငိုမျက်လုံးနဲ့ အပြုံးမျက်နှာပိုင်ရှင်တွေကို လက်ချိုးရေကြည့်လို့တော့ ရမယ် မထင်မိဘူး ... ခံစားချက်ပျောက်ဆုံးနေတဲ့ ရုပ်သေး ၊ စက်ရုပ်တွေလို လူသားတွေ ဘယ်နှစ်ယောက်များ ရှိလိမ့်မလဲ ... အသိတရားနဲ့ ထိန်းချုပ်ခံထားရတာ လူသားတစ်မျိုးပဲ ရှိတာကတော့ ကျိန်းသေတယ် ... ဆင်ခြင်တုံတရားတွေ အောက်မှာ ဖြစ်သင့် မဖြစ်သင့် ဆိုတဲ့ အတွေးတွေနဲ့ ဆန္ဒတွေ လက်လွတ်ဆုံးရှံးခဲ့ရတာ ဘယ်နှစ်ယောက်လောက်ရှိမလဲ ...ကျွန်တော်ဟာလဲ ဘာမှ မဟုတ်တော့ ဒီလိုပါပဲလို့ ဆိုရမလိုပါပဲ ...

 ... ဘာအတွက် ဘာတွေလုပ်နေမိတယ် စဉ်းစားမိဖူးသူ မဟုတ်ခဲ့ဘူး ... သေချာတာတစ်ခုကတော့ လူတိုင်း လူတိုင်း အတ္တ အစိတ်အပိုင်းတစ်ခုတော့ ပါနေတယ် ... ဘာလုပ်လုပ် ဘာပြောပြော ဘာဆိုဆို ... အမြင်ကျဉ်းတာလား အကျယ်ကို မမြင်တာလား မသိမှတော့ လောကကြီးက လေးထောင့်တုံးလို ဂွကျကျကြီး ဖြစ်နေတာတော့ မဆန်းဘူး .... အမြင်ဆိုတာက ကြည့်တဲ့သူတွေရဲ့ စိတ်အာရုံခံစားနိုင်စွမ်းနဲ့လိုက်ပြီး  ကွားခြားကွဲပြားနေတာတော့ အမှန်ပဲ ...... လူဟာ လူသာဖြစ်သမို့ လွတ်လပ်ခြင်းတိုင်း ကို အသိအမှတ် ပြုဖို့ သတ္တိတော့ ပိုမွေးရတယ် ... လွတ်လပ်ခြင်းဟာ လမ်းမှားခြင်းကို ဦးတည်မဲ့ သူအတွက် သံခြေချင်းတွေ အခတ်ခံရတာတော့ မဆန်းဘူး ... လက်တစ်ချောင်းကို ထောင်ကြည့်ရင် တစ်ဖက်ကကြည့်တော့ လက်ဖ၀ါး တစ်ဖက်က ကြည့်တော့ လက်ဖမိုး ဆိုတော့ ပြောရခက်သား ...

 ... တစ်ပါးသူ အမြင်တိုင်း နေထိုင်နေရင် မင်းဟာ ကပ်ပါးကောင်ပဲ ဆိုတာ ကျိန်းသေတယ် ... လောကကြီးရဲ့ အသိညာဏ်နဲ့ ယှဉ်ရင် မင်းဟာ သေးသေးလေးပဲ ... ဖြုတ် ဦးနှောက်လောက်ရှိတဲ့ အသိတရားလေးတွေနဲ့ မာန် မတက်မိစေနဲ့ မင်းရဲ့ ရှေ့တစ်လှမ်းမှာ မီးပျက်နေတယ်  ... ကျွန်တော်လဲပဲ အသိတရားသေးသေးလေးနဲ့ လူလုပ်နေတယ် ... သူများထက် ခေါင်းတစ်လုံးသာချင်ရင် သူများခေါင်းတော့ လှေခါးလုပ်ပြီး  နင်မတက်မိစေနဲ့ ... မွေးရာပါ အရည်အချင်းပါလာရအောင် မင်းက ပါရမီ အထုံထုံဖြည့်ဆည်းလာတဲ့ လူလား ...ငါ ဆိုပြီး မာန်တက်နေရင် ပတ်ဝန်းကျင်က တိတ်တခိုး
 ရယ်သံတွေကို စောင့်ကြိုနေပေတော့ ...

 ... မရှိတာကို အရှိလုပ်ပြီး ဟန်ဆောင်ပြီး ကြွားနေဖို့ မင်းမှာရထားတဲ့ မင်း အတ္တက မင်းကို နိုးဆော်နေမယ် ... အထင်နဲ့ အမြင်ဟာ တစ်ခါတစ်လေ တောင် နဲ့ မြောက် ၊ အရှေ့နဲ့ အနောက်လို သိပ်နီးနေမှာတော့ မဟုတ်ဘူး ...

   ... မသိခြင်းကနေ သိခြင်းတရားတွေဆီ အရောက်အတူသွားမယ်ဆိုရင် မင်း အတ္တတွေကို အရောင်မှိန်ပြီး ပိန်ကပ်နေအောင်လုပ်ထား ... မင်း ခြေထောက်ပေါ် မင်း ရပ်တည်နိုင်ဖို့ ခြေထောက်ပါအောင် မွေးပေးလိုက်တဲ့ မင်း အမေကို ကျေးဇူးလဲတင် ... ကိုယ့်ဝန် ကိုယ်ရုန်းဖို့ ဖခုံးသားကောင်းဖို့တော့ မင်းတာဝန်ပဲ ...

No comments:

Post a Comment