Tuesday, August 13, 2013

အချစ်ဆုံး ညီမသေးသေးလေးသို့


      ညီမငယ်လေးရယ် မိန်းခလေးတစ်ယောက်ကို ချစ်ရတဲ့ ယောက်ျားသား အစ်ကို့အဖို့ ခံစားချက်မျိုးစုံ ခံစားရပါတယ် ... စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားမှာ အသွားအပြန်ဆိုတာ ရှိမှန်း အစ်ကို ကောင်းကောင်းနားလည်ခဲ့ပါပြီ ညီမငယ် ... အရယ် အပြုံး အပျော် တွေနဲ့ပဲ ညီမကိုအမြဲ မြင်ချင်သူတစ်ယောက်ရယ်ပါ ညီမငယ် ဒါကြောင့်မို့ အငို အမုန်း လမ်းခွဲရခြင်းတွေနဲ့ အစ်ကို ဘယ်သောအခါမှ မကြုံချင်ပါဘူး ညီမငယ် ... ထူးခြားဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာလောကကြီးထဲမှာ ညီမနဲ့ ဒီလို ဒီဘ၀ ဒီခဏလေးမှာ တွေ့ဆုံခွင့်ရတဲ့အတွက် အစ်ကို အရမ်းကြည်နူးမိတယ် သိလားဟင် ...
 
   အချစ်ဆိုတာကို အစ်ကို သေချာမသိခဲ့ပါဘူး အစ်ကိုမှာ ခင်တွယ်မှုဆိုတာပဲ သိခဲ့ရတာပါ ... ဒါပေမဲ့ အချစ်ဆိုတာကို ပြောနေကြတဲ့ သူငယ်ချင်းတွေကိုတော့ အများကြီးတွေ့ဖူးခဲ့တယ် ... လူတစ်ယောက်ကို ချစ်တာ ဘာမှ အကြောင်းပြချက်မရှိမှန်း အစ်ကို သိလာခဲ့ပါတယ် ... အစ်ကို့ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်လေးကို ပြောပြမယ်နော် ...

   သူက အစ်ကိုနဲ့ ညီအစ်ကိုလို ခင်မင်တဲ့ သူတစ်ယောက်ပါ ... သူ့မှာ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ... သူက အိုင်တီ (IT)သမားတစ်ယောက် သူ့ကောင်မလေးက မူကြိုကျောင်းဆရာမလေးတစ်ယောက်ပါ ... သူ့ကောင်မလေးက ခလေးအရမ်းချစ်တတ်တဲ့ ကောင်မလေးပါ စိတ်သဘောထားလဲ နူးညံ့သိမ့်မွေ့တယ် ... သူတို့တွေ ၄ နှစ်ကျော်ကျော်လောက် ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ... သူ့ကောင်မလေးဆိုပေမဲ့ သူ့ထက်တော့ ၃ နှစ်ကြီးတယ် ... သူ့အပေါ်လဲ သူ့ကောင်မလေးက အရမ်းကောင်းတယ်ဆိုတာ သူသိတယ် ... သူလဲ သူ့ကောင်မလေးကို သိပ်ချစ်တယ် ဒါပေမဲ့ သူက အငယ်ဆိုတော့ တစ်ခါတစ်လေ နွဲ့ဆိုးဆိုးတယ် ပြောရမယ် ထင်တယ် ... သူကလဲ သူ့ကောင်မလေးကို အတည်တကျ လက်ထပ်ယူမဲ့သူပါပဲ အနာဂတ်အတွက်လဲ ကြိုးစားပြင်ဆင်နေတဲ့သူပါ ... ကောင်မလေးကလဲ သူ့ကိုပဲ လက်ထပ်မယ်လို့ ကတိပေးထားတယ်လေ အဲဒါကြောင့် သူလဲ ယုံကြည်စွာနဲ့ ချစ်နေခဲ့တယ်လေ ... ဒါပေမဲ့ ကောင်မလေးမှာ အိမ်က လူကြီးချင်းစီစဉ်ပေးထားတဲ့ အရင် ကောင်မလေး နယ်မှာနေခဲ့တုန်းက ကျောင်းနေဖက် သူငယ်ချင်းကောင်လေး ရှိခဲ့မှန်း သူမသိခဲ့ဘူးလေ ... ကောင်မလေးက ၂၆ နှစ်ပြည့်တော့ သူ့ကို လက်ထပ်ဖို့ ပြောတယ် သူကအခုချိန်မှာ လက်ထပ်ဖို့ သူအဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့တယ်လေ ... သူကျိန်သေ ဒီကောင်မလေးကိုပဲ လက်ထပ်ပါ့မယ်လို့ ကတိပြုခဲ့တယ် ... သိပ်မကြာခင်မှာပဲ သူ့ကောင်မလေးက နယ်က သူ့အဖိုး နေမကောင်းလို့ ဆိုပြီး နယ်ကို ခဏပြန်လိုက်အုံးမယ်ဆိုပြီး မြစ်ကြီးနားဘက်ကို ပြန်သွားတယ် ... သူ သူ့ကောင်မလေးကို အဆက်အသွယ်လိုက်လုပ်တော့ ပြန်လာမယ်လို့ ပြောတယ် ... ဖုန်းနဲ့တော့ အဆက်အသွယ် အပြန်အလှန်ရှိခဲ့တယ် နောက်ပိုင်းကျတော့ ကောင်မလေးက ဖုန်းမကိုင်သလို လူချင်းလဲ အတွေ့မခံသလို ဖြစ်လာတယ်လေ ... တစ်နေ့မှာတော့ သူ့ဆီကို ပါဆယ်တစ်ထုပ်ရောက်လာတယ် သူ့ကောင်မလေးဆီကပေါ့ ... သူ ထင်ထားတာက သူ့မွေးနေ့ဆိုတော့ သူ့ကောင်မလေးက မွေးနေ့လက်ဆောင်ပေးတယ်ဆိုပြီး သူပျော်နေတာပေါ့ ... ပါဆယ်ကို ဖွင့်ကြည့်တော့မှ သူထင်သလို မဟုတ်မှန်း သူသိခဲ့တယ်လေ ... အထုပ်ထဲမှာပါတာက မင်္ဂလာဆောင် ဖိတ်စာတစ်စောင်ရယ် သူ့ကောင်မလေးမွေးနေ့မှာ သူ လက်ထပ်ခွင့်တောင်းပြီးပေးထားတဲ့ လက်စွပ်ကလေးကို ပါ ပါဆယ်ထုပ်ပြီး ပြန်ပို့လိုက်တာပါ ... သူ့ကောင်မလေးက အရင်ကျောင်းနေဖက်ကောင်လေးနဲ့ လက်ထပ်လိုက်ပါပြီ  သူ့ကောင်မလေးရဲ့ အချစ်ဦးဆိုပါတော့ ... သူတို့ချင်း ငယ်ငယ်ကတည်းက ဖြစ်ခဲ့တဲ့ သံယောဇဉ်ရှိခဲ့တာ ဆိုတော့ သူအဖြစ်က ဒုတိယလူပဲ ဖြစ်ခဲ့ရတယ်လေ ... သူကို့ အစ်ကို သိစက မသောက်မစားတတ်သူတစ်ဦးပါ ... အဲဒီနောက်ပိုင်းမှာတော့ သူ ဘီယာသောက် အရက်သောက်နဲ့ တော်တော်လေး စိတ်လေပြီး ကြေကွဲနေမှန်း အစ်ကို သိခဲ့တယ် .... ကောင်မလေးနဲ့ ယူပြီးရင် ဘယ်လိုရှေ့ဆက်ပြီး လုပ်ရကိုင်ရမယ်ဆိုပြီး အိမ်မက်တွေ မက်ခဲ့တယ်ဆိုတာ အစ်ကို ကောင်းကောင်းသိနေခဲ့တယ် .... သူ အသုံးအစွဲကအစ ချွေတာသုံးစွဲနေမှန်း အစ်ကို သိနေတယ် သူ့ကောင်မလေးနဲ့ တစ်ဘ၀ထူထောင်ဖို့ အတွက်ပေါ့ ... သူ့ရဲ့ မျော်လင့်ချက် အိမ်မက်တွေ ပျက်သုဉ်းသွားသလို သူခံစားရတယ်လို့ အစ်ကို့ကို ပြောပြတယ် ... ကောင်မလေးကို သူ အပြစ်လဲ မမြင်ရက်ရှာပါဘူး ... သူ့မှာလိုအပ်ချက်တွေများနေလို့ ကောင်မလေးက လက်မတွဲခဲ့တာလို့ သူဘာသာ ဖြည်သိမ့်ရှာတယ် ... ပြီးတော့ သူ့ကောင်မလေး လက်ထပ်သွားတဲ့ သူက သူ့ထက်အရာရာ ပြည့်စုံမှန်း သူသိသွားတော့ သူ သိပ်ဝမ်းသာတယ်လို့ အငိုမျက်လုံးကို ဟန်လုပ်ပြီး ပြုံးပြီး ပြောရှာတယ် ... ကောင်မလေး မသိအောင်လဲ ကောင်မလေးရှိရာကို အဝေးကြီးကို လိုက်လိုက်သွားပြီး တိတ်တဆိတ် သွားသွားချောင်းကြည့်ရှာတယ် ... သူ့ကောင်မလေးမှာ တရားဝင် လင်ယောက်ျားရှိနေပေမဲ့ သူ အခုချိန်ထိ ချစ်နေတုန်းပဲတဲ့ ...

           အစ်ကို့သူငယ်ချင်းက အသားဖြူဖြူ ခပ်ဖြောင့်ဖြောင့်ပါပဲ အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပါ ... သူ့ကို သဘောကျတဲ့ကောင်မလေးတွေလဲ ရှိတယ် ... သူ့ကောင်မလေးက ညိုညိုသွယ်သွယ်လေးပါ ...  သူက သူ့ကောင်မလေး ခလေးအမေဖြစ်တဲ့  အချိန်ထိအောင် မေ့မရသေးဘူးလေ ... တခြားမိန်းခလေးတွေကိုလဲ လုံးဝ စိတ်မ၀င်စားဘူး ... အစ်ကို သူ့ကို နောက်ထပ်ကောင်မလေး ဘာလို့မထားတာလဲ မေးတော့ သူ သူ့ကောင်မလေးကိုပဲ ချစ်လို့ ရသတဲ့ ...ပြီးတော့ သူ အရမ်းနောင်တ ရနေတယ်တဲ့ သူ့ကောင်မလေးက လက်ထပ်ခိုင်းချိန်မှာ သူ လက်မထပ်ခဲ့တာကို နောင်တရနေပါတယ်တဲ့ ... အခုချိန်မှာ သူ့ကောင်မလေးက မပြောကောင်းမဆိုကောင်း သူ့ယောက်ျားသေသွားလို့ ဖြစ်ဖြစ် လမ်းခွဲလို့ပဲ ဖြစ်ဖြစ် သူ့ယောက်ျားနဲ့ ဘာမှ မပတ်သတ်တော့ရင် ခလေးအမေဖြစ်နေရင်လဲ သူ လက်ထပ်မယ်လို့ ပြောတယ်လေ ...သူ့ကို အရူးလို့ပြောပြော ပြောချင်ရာ ပြောပါစေတဲ့ ... အစ်ကို သူ့ကို အရမ်းအသိအမှတ်ပြုသလို နားလည်ခဲ့ပါတယ် သူ့ရဲ့ စိတ်ကိုရောပေါ့ ...

         တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်ဆိုတာ စိတ်ဝိညာည်ရဲ့ တွယ်တာမှုပါ ... ပါးစပ်ကနေ (ချစ်တယ်) ဆိုပြီးအလွယ်တကူ ပြောနေကြတဲ့သူတွေ များသလို ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းချစ်တတ်သူတွေလဲ မရှားပါဘူး ညီမငယ် ... ချစ်တယ်ဆိုတာ စိတ်ခံစားချက်က စေစားရာတစ်ခုပါ ညီမငယ် ... သွေးသားကိုယ်ကာယက တောင်းဆိုလာတဲ့ အရာ မဟုတ်ပါဘူးနော် ... ချစ်ရသူချင်း ကြည်ဖြူကြတာက အရင်းနှီးဆုံး လူသားနှစ်ယောက်ဖြစ်လာဖို့ပါပဲနော် ...

  နှစ်ယောက်တစ်အိမ်မက်နဲ့ တစ်ဘ၀ထူထောင်ကြတာဟာ ချစ်သူနှစ်ဦး လုပ်ရမဲ့ အလုပ်တစ်ခုပါပဲနော် ... တစ်ဖက်သတ်တစ်ယောက်တည်း တည်ဆောက်လို့ရတဲ့ မျော်လင့်ချက်အိမ်မက် မဟုတ်ဘူးနော် ...

   အစ်ကိုကတော့ အဖြူထည်သက်သက်နဲ့ သွေးသားဆန္ဒဦးစားမပေးတဲ့ အချစ်နဲ့ ချစ်တတ်သူတွေ များကြပါစေလို့ တောင်းဆုပြုနေပါတယ် ညီမငယ်