WHAT IS A FAMILY? (မိသားစု ဆိုတာ)
လူတစ်ယောက် အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့
အိမ်ကိုပြန်လာတယ်။ ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ်
သူ့သားလေးက အိမ်ပေါက်ဝမှာ သူပြန်အလာကို စောင့်နေတာ
တွေ့ရတယ်။
သား - “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် - “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား - “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် - “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ”
ဖအေဖြစ်သူက ဒေါသနဲ့ မေးလိုက်တယ်။
သား - “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ
အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် - “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို
နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး
ရေရွတ်လိုက်မိတယ်။ နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ
ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက
ငွေချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့
ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင် အခုချက်ချင်း မင်းအခန်းထဲမှာ
ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ ကြီးလား မကြီးဘူးလား
သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို အပင်ပန်းခံ
လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက်
အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး
အခန်းတံခါးကို ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ
ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို စဉ်းစားမိလေ၊ ဒေါသထွက်လေ
ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ တောင်းချင်တာကိုများ
ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ
ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု
ဒီငွေတစ်ဆယ် တောင်းတာ သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို
ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။ ဒါနဲ့ သူ့သား အခန်းထဲကို
တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ”
အဖေကြီးက ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့
စိတ်မရှည်နိုင်ပဲ သားကို အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ
သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ
ထထိုင်လိုက်တယ်။ “အိုး၊ ကျေးဇူးတင်လိုက်တာ ဖေဖေရာ”
အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို
သူ့ခေါင်းအုံးအောက်ကနေ ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့
ဒေါသတွေက ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း
ရေတွက်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ”
သူ့အဖေက ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက
ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို
သား ဝယ်လို့ ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော
ပြန်လာခဲ့ပါနော်။ သားလေ၊ ဖေဖေနဲ့ အတူတူ ညစာ စားချင်လို့ပါ”
ဒီပုံပြင်လေးကို သင်ချစ်ခင်တဲ့ တစ်ယောက်ယောက်ကို မျှဝေပေးပါ။
ပိုကောင်းတာက ငွေနှစ်ဆယ်တန်တဲ့ သင့်ရဲ့ အချိန် တစ်နာရီကို သင်
ချစ်တဲ့ သူတွေအတွက် မျှဝေပေးလိုက်ပါ။
ဒီပုံပြင်လေးက အလုပ်တာဝန်တွေ အမြဲ ဖိစီးပြီး မအားမလပ်
ဖြစ်နေကြတဲ့ ကျွန်တော်တို့ အားလုံးအတွက် သိမ်မွေ့တဲ့
သတိပေးမှုလေး တစ်ခုပါ။
ကျွန်တော်တို့ဘဝရဲ့ အရေးပါတဲ့၊ ချစ်ခင်မြတ်နိုးတဲ့ သူတွေအတွက်
ပေးရမဲ့ အဖိုးတန် အချိန်တွေ ကျွန်တော်တို့ လက်ထဲကနေ
ချွတ်ချော်ကျပြီး ပျောက်ဆုံးမသွားအောင် ဂရုစိုက်ရမှာပါ။
တကယ်လို့များ ကျွန်တော်တို့ မနက်ဖြန်လိုမှာ သေဆုံးသွားပြီ ဆိုပါစို့။
ကျွန်တော်တို့ အခုအလုပ်လုပ်ပေးနေတဲ့ Company က
ရက်မကြာခင်မှာပဲ တစ်ခြား လူတစ်ယောက်ကို အစားထိုး
ခန့်လိုက်မှာပါပဲ။
ဒါပေမဲ့ ချန်ရစ် ခံခဲ့ရတဲ့ ကျွန်တော်တို့ မိသားစု နဲ့ သူငယ်ချင်းတွေ
အတွက်ကတော့ အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှု အဖြစ် ခံစားကြရပါ့မယ်။
ပြန် သုံးသပ်ကြည့်လိုက်စမ်းပါ။ မိသားစု နဲ့ အလုပ်၊ ဘယ်ဟာကို
ကျွန်တော်တို့ ဘဝအတွက် ဦးစား ပေးနေမိလဲ ဆိုတာ။
အချိန်ပြည့် အလုပ် အတွက်ကြီးပဲ အချိန်မေးပပါနဲ့။ (မိသားစု) ဆိုတာ
ဘာကို ဆိုလိုတာလဲ။ တွေးကြည့်စမ်းပါ။
Saturday, October 6, 2012
Four Wives In Our Lives (ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်)
ဘ၀ကြင်ယာဘက် မိန်းမ လေးယောက်
ဟိုး ရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ မိဘုရား လေးဦး ရှိသတဲ့။
အားလုံးထဲမှာ အငယ်ဆုံး၊ အချောဆုံး မိဘုရားငယ်လေးကို ဘုရင်ကြီးက
အချစ်ဆုံးပေါ့။ အကောင်းဆုံး၊ အလှဆုံး၊ တန်ဖိုး အကြီးဆုံး ဆိုတဲ့
အ၀တ်အစား မှန်သမျှကို ဆင်ပေးပြီး ဖူးဖူးမှုတ် ထားတာပေါ့။
ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကိုလဲ တော်တော်ချစ်တယ်။
တိုင်းခန်းလှည့်လည်တိုင်း၊ တစ်ခြား တိုင်းပြည်တွေ အလည်အပတ်
သွားတိုင်း အတူ ခေါ်သွားလေ့ ရှိတယ်။ ဒါပေမဲ့ ဘုရင်ကြီးက အဲ့ဒီ
တတိယမိဘုရား သူ့ကို ထားရစ်ပြီး တစ်ခြား ထွက်သွားမှာကို အမြဲ စိုးရိမ်
ကြောင့်ကျ နေရတယ်။
ဘုရင်ကြီးက သူ့ရဲ့ ဒုတိယမိဘုရား ကိုလဲ ချစ်ရှာပါတယ်။ သူမက သူ့ရဲ့
ယုံကြည်မှုပဲ။ ဒုတိယမိဘုရားက ဘုရင်ကြီးကို ကြင်နာယုယ သလို
နားလည်သည်းခံမှု အပြည့်နဲ့ ချစ်ရှာတယ်။ ဘုရင်ကြီး အခက်အခဲတွေ
ကြုံတိုင်း ဒုတိယမိဘုရားကို အမြဲ ရင်ဖွင့် တိုင်ပင်လေ့ ရှိသလို
ဒုတိယမိဘုရားကလည်း နှစ်သိမ့်အားပေးရင်း ဒုက္ခတွေကို အတူ ရင်ဆိုင်
ဖြေရှင်း ပေးတတ်တယ်။
ဘုရင်ကြီးရဲ့ ပထမမိဘုရား ကတော့ ဘုရင်ကြီးအပေါ် အင်မတန်မှ
သစ္စာရှိ သလို တိုင်းပြည်ရဲ့ ကြွယ်ဝ ချမ်းသာမှု၊ ငြိမ်းအေးသာယာမှုကို
ထိန်းသိမ်း စောင့်ရှောက်ပေးသူ ဖြစ်တယ်။ ဒါပေမဲ့ ဘုရင်ကြီးက
ပထမမိဘုရားကို မချစ်ဘူး။ ပထမမိဘုရားက ဘုရင်ကြီးကို
ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ချစ် ဘုရင်ကြီးက ဘယ်တော့မှ
အသိအမှတ် ပြုလေ့ မရှိဘူး။
တစ်ချိန်တော့ ဘုရင်ကြီးက အသဲအသန် နာမကျန်း ဖြစ်တယ်။
သူ့ဘ၀ရဲ့ နောက်ဆုံးအချိန် ရောက်ပြီ ဆိုတာ သိတော့ သူ့ဘ၀ရဲ့
ပျော်ရွှင်ဖွယ်ရာ နေ့တွေကို ပြန်သတိရတယ်။ ငါ့မှာ မိန်းမ
လေးယောက်ရှိပေမဲ့ သေရင် ငါတစ်ယောက်ထဲ ပါလား လို့လဲ
တွေးမိတယ်။
ဒါနဲ့ သူအချစ်ဆုံး မိဘုရားငယ်လေးကို ခေါ်ပြီး မေးတယ်။
မင်းကို ငါအချစ်ခဲ့ဆုံးပဲ။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတဲ့ အ၀တ်အစား၊ အသုံး
အဆောင် မှန်သမျှ ငါဆင်ပေးပြီး စောင့်ရှောက်ခဲ့တယ်။ အခုတော့ ငါ
သေရတော့မယ်။ ငါသေတဲ့အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ်
ပေးနိုင်မလား မေးတော့ မိဘုရားငယ်လေးက
လုံးဝ မလိုက်ပေးနိုင်ဘူး အဲ့ဒီလို ခပ်ပြတ်ပြတ် ပြောပြီး အဝေးကို
ထွက်သွားခဲ့တယ်။ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို ဓားထက်ထက်နဲ့
အမွှန်းခံရသလို ခံစားရတာပေါ့။
ဝမ်းနည်းနေတဲ့ ဘုရင်ကြီးက သူ့ရဲ့ တတိယမိဘုရား ကို
ခေါ်ပြီးမေးပြန်တယ်။
ငါ့ဘ၀ တစ်ခုလုံးအတွက် မင်းကို ချစ်ခဲ့တယ်။ အခုလို ငါ သေရတော့မဲ့
အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ် ပေးနိုင်မလား
မလိုက်ပေးနိုင်ပါဘူး၊ ဘ၀က ပျော်စရာ ကောင်းတယ်။ ရှင် သေတဲ့အခါ
ကျွန်မက နောက်တစ်ယောက် ထပ်ပြီး ယူမှာပေါ့
အဲ့ဒီ အဖြေစကား ကြားရတော့ ဘုရင်ကြီး ခမျာ သူ့နှလုံးသားကို
ရေထဲဆွဲနှစ် ခံရသလို အေးစက် ထုံကျင်နေအောင် ခံစားရရှာတယ်။
ဒါနဲ့ ဘုရင်ကြီးလဲ ဒုတိယမိဘုရားကို ခေါ်ပြီးမေးပြန်တယ်။
ငါ အကူအညီ လိုတဲ့ အခါတိုင်း မင်းက ငါ့အတွက် အမြဲ အဆင်သင့်
ရှိပေးခဲ့တယ်။ အခုလို ငါ သေရတော့မဲ့ အခါ ငါနဲ့ လိုက်ခဲ့ပြီး အဖော်လုပ်
ပေးနိုင်မလား
ကျွန်မ စိတ်မကောင်းပါဘူး၊ ဒီတစ်ခုကို မကူညီနိုင်တာတော့ ခွင့်လွှတ်ပါ။
ရှင့်ရဲ့ ဈာပနကိုတော့ ကျွန်မ သေချာ လိုက်ပို့ပေးမှာပါ။
ဒုတိယမိဘုရားရဲ့ အဖြေစကားက ကောင်းကင်ပေါ်က
လျှပ်စစ်မိုးကြိုးသွား တစ်စင်းလို ဘုရင်ကြီးကို အထိ နာသွားစေပါတယ်။
ဘုရင်ကြီးရဲ့ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးကုန်ပါပြီ။ သူ အင်မတန်
ချစ်မြတ်နိုးလှတဲ့ သူတွေ အားလုံးက ဒီတစ်ခါမှာတော့ သူ့ ဆန္ဒကို
ဘယ်သူမှ မဖြည့်ဆည်း ပေးနိုင်ကြတော့ ပါဘူး။
ရှင်ဘယ်ကို သွားသွား၊ ဘာပဲ ကြုံရကြုံရ၊ ရှင်နဲ့အတူ ကျွန်မ လိုက်ခဲ့မယ်။
စိတ်ဓာတ်တွေကျပြီး ခေါင်း ငိုက်စိုက် ကျနေတဲ့ ဘုရင်ကြီး ဟာ
ရုတ်တရက် ထွက်လာတဲ့ စကားသံကြောင့် ခေါင်းမော် ကြည့် လိုက်တော့
သူ့ရဲ့ ပထမမိဘုရား ဖြစ်လို့ နေတယ်။ သူမက ဘုရင်ကြီးရဲ့ ပစ်ပယ်
ထားမှု တွေကြောင့် ညှိုးဖျော့ ပိန်လှီလို့ နေတယ်။
ငါ့မှာ အခွင့်အရေးတွေ ရှိနေ ခဲ့တုန်းက မင်းကို ကောင်းကောင်းမွန်မွန်
စောင့်ရှောက်ခဲ့ သင့်တယ်။
အင်မတန်မှ စိတ်သက်သာရာ ရသွားတဲ့ ဘုရင်ကြီးက အဲ့ဒီလို မချိတင်ကဲ
ရေရွတ်လိုက် မိပါတယ်။ နောင်တတွေလဲ ရ လို့ပေါ့။
အမှန်တကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ ကြင်ယာဘက်
မိန်းမ လေးယောက်စီ ရှိကြပါတယ်။
စတုတ္ထမြောက် မိန်းမက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နဲ့ တူပါတယ်။
အချိန်နဲ့ ငွေကြေးတွေ ဘယ်လောက်ပဲ အကုန်အကျ ခံပြီး
ကြည့်ကောင်းအောင် ဘယ်လောက် ဂရုစိုက်စိုက်၊ ဒီ ခန္ဓာကိုယ်ကြီးက
ကျွန်တော်တို့ သေဆုံးချိန်မှာ ထားရစ်ခဲ့ မှာပါဘဲ။
တတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှု၊ စည်းစိမ်နဲ့
ဂုဏ်ပကာသန ဖြစ်ပါတယ်။ ကျွန်တော်တို့ သေဆုံးချိန်မှာ
ဒါတွေအားလုံးဟာ သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယမြောက် မိန်းမက ကျွန်တော်တို့ရဲ့ မိသားစု၊ ဆွေမျိုး
အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေပေါ့။ ဘယ်အချိန်
ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ကိုယ်လိုအပ်ချိန်မှာ အတူရှိနေ ပေးနိုင်ပေမဲ့
ဒါဟာ ကိုယ် သင်္ချိုင်းမြေပေါ် ခြေမချခင် အချိန် အတိုင်းအတာ
တစ်ခုထိဘဲ ဖြစ်နိုင်ပါ လိမ့်မယ်။
ပထမ မိန်းမကတော့ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ် ပါပဲ။ လောကကြီးမှာ
ငွေကြေး စည်းစိမ်ဥစ္စာ၊ အာဏာနဲ့ ပျော်ရွှင်မှု တွေနောက် လိုက်ရင်း
သူ့ကို ကျွန်တော်တို့ မေ့လျှော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့
ဘယ်သွားသွား ဘာလုပ်လုပ် ဒီ စိတ်ဝိဥာဉ်က ကျွန်တော်တို့နဲ့ အမြဲ
ရှိနေခဲ့ ပါတယ်။ ဘုရင်ကြီးလို အချိန် မနှောင်းခင်မှာ မဆုံးသေးတဲ့
ဘဝခရီးတွေ အတိုင်း အမြဲ ကိုယ်နဲ့ မခွဲတမ်း သေတစ်ပန် သက်တစ်ဆုံး
အတူ ရှိနေတဲ့ စိတ်ဝိဥာဉ်ကို ခွန်အား အပြည့် ရှိအောင် ပြုစု ပျိုးထောင်ပြီး
ချစ်ခင် မြတ်နိုးစွာ စောင့်ရှောက်တတ်ဖို့ လိုပါတယ်။
ကိုယ့် ခန္ဓာကိုယ် ကို ကျန်းမာအောင် ပြုစု စောင့်ရှောက်ပါ။ ဒါမှ ဘဝရဲ့
အနှစ်သာရကို အပြည့်အဝ ခံစားနိုင် ပါလိမ့်မယ်။ ကိုယ့်ဘဝရဲ့
ပိုင်ဆိုင်မှုနဲ့ သက်တောင့်သက်သာ ရှိမှု အပေါ် ကျေနပ်ပါ။ ကိုယ့်
မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်း၊ မိတ်ဆွေ အပေါင်းအသင်း တွေဆီက
ရတဲ့ ချစ်ခြင်းမေတ္တာတွေကို လေးစား တန်ဖိုးထားပါ။ ကြင်နာ မြတ်နိုးစွာ
တုန့်ပြန် ပြုစု စောင့်ရှောက်ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဝိဥာဉ် ကို အဟာရ
ပြည့်ဝအောင် ဂရု စိုက်ဖို့ မမေ့လျှော့ ပါနဲ့။ ဒါဟာ ကျွန်တော်တို့
အားလုံးရဲ့ ဘဝ အရင်းခံ ရေသောက်မြစ် ဖြစ်သလို ဘဝ တစ်သက်လုံး
အတွက် စစ်မှန်တဲ့ မိတ်ဆွေကောင်း တစ်ဦးလဲ ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးက သင့်ကို ဒူးထောက် လဲကျအောင် လုပ်တဲ့ အခါတိုင်း
ဘုရားကို ဝတ်ပြု ဆုတောင်းဖို့ အသင့်တော်ဆုံး အခွင့်ရေး ပေးထားတယ်
ဆိုတာ သတိရပါ။

ဒုက္ခသစ်ပင်
ဒုက္ခတွေကို အိမ် မသယ်နဲ့- ဒုက္ခသစ်ပင်
ကျွန်တော့် လယ်ထဲက အိမ်ကလေးကို ပြုပြင် မွန်းမံဖို့ လက်သမား
တစ်ယောက်ကို ခေါ်လိုက်တယ်။ စစချင်း တစ်ရက်မှာပဲ အခြေခံ အလုပ်
တော်တော်များများ ပြီးသွား ခဲ့ပြီ။ ဒါတောင် ပြားကပ်နေတဲ့ သူ့
ကားတာယာကို ပြင်နေရတာ တစ်နာရီလောက် အချိန် ပုပ်သွားပေလို့။
အခုတော့ သူ့ရဲ့ အိုဟောင်းနေတဲ့ ပစ်ကပ်ကားလေးက စက်စ နှိုးဖို့
ငြင်းဆန် နေပြန်ပြီ။
ဒါနဲ့ ကျွန်တော်လဲ သူ့ကို ကျွန်တော့်ကားနဲ့ ပြန်လိုက်ပို့ပေးတော့ သူက
ကျောက်တုံးကြီး ချထားသလို တိတ်တိတ် ဆိတ်ဆိတ် ထိုင်ပြီး လိုက်လာ
ခဲ့တယ်။ သူ့အိမ်ကို ရောက်တော့ သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင်တယ်
ဆိုတာနဲ့ ကျွန်တော်လဲ သူ့အိမ်ထဲ လိုက်သွားတယ်။ အိမ်တံခါးဝဆီကို
လျှောက်နေတုန်း သူ့အိမ် အဝင်လမ်းကလေးရဲ့ ဘေးက သစ်ပင်တစ်ပင်
အနားရောက်တော့ သူက သစ်ကိုင်းတစ်ကိုင်းကို လက်နှစ်ဘက်နဲ့
ဆုပ်ကိုင် ဆွဲယူပြီး မျက်စိတွေကို မှိတ်ထားလိုက်ရင်း အသက်ကို
တစ်ဝကြီး ခပ်ပြင်ပြင်း ရှူလိုက်သေးတယ်။
သူ့အိမ်တံခါးကို တွန်းဖွင့်ပြီး စဝင်ကတည်းက သူ့မျက်နှာက
အစောနကလို မဟုတ်တော့ဘူး။ အံ့ဩစရာ ကောင်းလောက်အောင်ကို
ပြောင်းလဲသွားတယ်။ စိတ်ရှုပ်ထွေးနေတဲ့ သူ့မျက်နှာက ခုတော့ ပြုံးရွှင်
ချိုမြလို့။ သူ့ ခလေးလေး နှစ်ယောက်ကို ဖက်ပွေ့ နှုတ်ဆက်တယ်။
ပြီးတော့ သူ့မိန်းမကို အနမ်း တစ်ပွင့်နဲ့ နှုတ်ဆက် လိုက်သေးတယ်။ သူ
ကျွန်တော့် ကားနားကို ပြန်လိုက်ပို့တော့ သိချင်စိတ်ကို ဘယ်လိုမှ
ချုပ်တည်းလို့ မရတော့ဘူး။ ဒါနဲ့ လတ်တလော တွေ့မြင် လိုက်ရတာ
တွေကို မေးကြည့်မိတယ်။
"အိုးဟိုး၊ ဒါက ငါ့ရဲ့ ဒုက္ခ သစ်ပင်ပေါ့" သူအိမ်အဝင် မှာတုန်းက
ဆွဲကိုင်ခဲ့တဲ့ သစ်ပင်ကို ညွှန်ပြတယ်။
"ငါ့ အလုပ်မှာ အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ မလွဲမရှောင်သာ ကြုံရမယ်
ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုက အဲ့ဒီ ဒုက္ခတွေ၊
အဆင်မပြေမှုတွေက အိမ်မှာရှိတဲ့ ငါ့မိန်းမ၊ ခလေးတွေနဲ့ ဘာမှ
မဆိုင်ဘူးလေ။ ဒါကြောင့် ငါ အိမ်ကို ပြန်လာတိုင်း အဲ့ဒီ ဒုက္ခတွေကို ဒီ
ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲ ချန်ထားခဲ့ပြီးမှ အိမ်ထဲ ငါဝင်တာ။ ပြီးတော့
မိုးလင်းလို့ ငါ အလုပ် သွားပြီ ဆိုရင် အဲ့ဒီ ဒုက္ခတွေကို ငါ
ပြန်သယ်သွားတယ်။ ရီစရာ ကောင်းတာ တစ်ခုက..." သူက တစ်ချက်
ပြုံးလိုက်ရင်း ဆက်ပြောတယ်။
"ငါ အိမ်အပြင်ရောက်လို့ ဒုက္ခသစ်ပင်မှာ ချိတ်ဆွဲထားတဲ့ အဲ့ဒီ
ဒုက္ခတွေကို ပြန်ကောက် ယူလိုက်ရင် မနေ့ညက ငါ
ချိတ်ဆွဲထားသလောက် သူတို့က ကျန်မနေတော့ဘူး။ တစ်ခါတစ်ခါဆို ဒီ
ဒုက္ခ သစ်ပင်မှာ ဘာဒုက္ခမှကို ကျန်မနေခဲ့တော့တာ"
အမြဲ သတိရနေရမှာက....
"ပူပန်သောက ဆိုတာ လှုပ်နေတဲ့ ခုံတစ်လုံးနဲ့တူတယ်။ သူက ကိုယ့်ကို
လှုပ်ရှားနေဖို့၊ အငြိမ်မနေဖို့ အလုပ် တစ်ခုခုတော့ ပေးထားမယ်။ ဒါပေမဲ့
ဘယ်တော့မှ အကျိုးရှိတဲ့ ရလာဒ်ကို မပေးဘူးလေ။"

အချစ်ဆိုသည်မှာ - - -
အချစ်ဆိုသည်မှာ - - -
> ကိုယ့်ဖက်က အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ
အရမ်းခံရခက်သည်ဟု လူအများက လက်ခံထားကြလေသည် ။
လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏
စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ
အဓိက ကျနေသည်မဟုတ်လား ။
> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ
ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခံကြခြင်းမှာလည်း တကယ်တော့
အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို
ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန်
ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည်
ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး
သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ
သက်သက်သာဖြစ်သည်မဟုတ်ပါလား ။
> တကယ့်အချစ်စစ်ဆိုသည်မှာ
တစ်မိုးအောက်ထဲတွင် သူရှိနေတယ်ဆိုသည့်အသိ ၊ သူလည်းငါ့လိုပဲ
ဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်သွားလာနေတယ်ဆိုတဲ့
အသိကလေးနဲ့တင် ရင်ခုန်ကြည်နူးနေရတဲ့
စိတ်ခံစားမှုကလေးတစ်ခုဖြစ်တယ် ။
> အချစ်ဟာ ပူလောင်တယ်ဆိုတဲ့စကားဟာ တကယ့်အချစ်နဲ့
နက်ရှိုင်းစွာ မချစ်ဖူးသူတို့ပြောတာဖြစ်လိမ့်မယ် ။ ပိုင်ဆိုင်ရခြင်း
မပိုင်ဆိုင်ရခြင်း ဝေးကွာခြင်း နီးစပ်ခြင်း စတဲ့
အရှိတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ အချစ်ဟာ
ပူလောင်စရာတွေဖြစ်လာတော့တယ် ။ သူနဲ့အတူမနေရလို့
သူနဲ့အတူမပေါင်းရလို့ စသဖြင့် စိတ်ဒုက္ခကြီးစွာ ရောက်ကြရတယ် ။
တကယ်တော့လည်း ပေါင်းစပ်ရခြင်း မပေါင်းစပ်ရခြင်း ဝေးကွာခြင်း
စတာတွေကို အချစ်နဲ့ရောထွေးကြမိလို့ အချစ်ဆိုတာ
ပူလောင်တယ်ဆိုတာ ဖြစ်လာရတယ်မဟုတ်လား ။ အချစ်ကို သူ့ဟာသူ
ထားကြည့်လိုက်ကြစမ်းပါ ။ အေးချမ်းငြိမ်သက်တဲ့ ကြည်နူးလှိုက်မောဖွယ်
စိတ်ဝိဥာဉ်လေးဖြစ်တယ်ဆိုတာ တွေ့လာရပါလိမ့်မယ် ။
>အချစ်ဆိုတဲ့အရာမှာ စေတနာများစွာပါတယ်
ပေးဆပ်ခြင်းများစွာပါတယ် တကယ့်အချစ်စစ်မှာ ရယူလိုမှုဆိုတာမရှိဘူး
လောဘကြီးစွာ တပ်မက်တယ်ဆိုတာလည်းမရှိဘူး ကြိမ်းသေတဲ့
နိယာမတစ်ခုကတော့ “ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို
နစ်နာအောင်မလုပ်ကြဘူး ” နစ်နာအောင် ကိုယ့်ကို နာကျင်အောင်
လုပ်တယ်ဆိုရင်တော့အဲဒီဒါအချစ်စစ်မဟုတ်လို့ပဲ ။ အချစ်ကြီးလို့
အမျက်ကြီးတာပါဆိုတာဟာ တကယ်တော့ အူကြောင်ကြောင်
ဆင်ခြေတစ်ခုသာဖြစ်တယ် ။ တကယ်သာချစ်ကြည့် သူ့ကို
လက်ဖျားနဲ့ထိဖို့မဆိုနဲ့ သူ့အနားရောက်မိရင်ပဲ ကမ္ဘာမြေဟာ
ပန်းတွေပဲပွင့်လာသလိုလို ကိုယ်ဟာ
သီးခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုလို ရင်ဟာ
တဒုန်းဒုန်းခုန်လာပြီးခြေဖျားလက်ဖျားတွေအေးစက်လာလေ့ရှိတယ် ။

ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?
ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ
ယုံနိုင်မလား?
နေရောင်ခြည်...
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ
ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။
လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း
လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း
လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို
လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက
ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း
ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက
သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့
မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။
ပန်းတိုင်
အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ
ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ
တယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်....
စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင်
အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။

Tuesday, October 2, 2012
ကျွန်တော်ရဲ့ ပို့မော်ဒန်
ကျွန်တော်ရဲ့ ပို့မော်ဒန်
... ရာသီဥတုက သာယာသလား မသာယာဘူးလားတော့ မသိဘူး ငါ့ စိတ်တွေကတော့ ၀ိုးတိုးဝါးတား အတွေးများနဲ့ ညနေခင်းတစ်ခုပြီး တစ်ခုကို ဖြတ်သန်းဖို့ တာစူနေတယ် ... အချိန်နာရီတွေကလဲ ကိုက်ဝါးဖို့ စောင့်ကြိုနေကျပဲ ... မွှန်းကျပ်ခြင်းရဲ့ ဖြေလျှော့ရာဟာ တစ်ကိုယ်တည်း နေထိုင်ခြင်းပဲ ...တစ်ယောက်တည်းပဲ ရှိနေတဲ့ အတ္တတစ်ခုနဲ့ ရောနှောနေထိုင်နေတဲ့ အတ္တတွေကြားမှာ လွန်းကြိုးဆွဲပွဲတွေ နေတိုင်းကြုံနေကြတာ လူတိုင်းပဲ မဟုတ်လား ...ပုဂ္ဂလအဓိဌာန် ကျကျနေထိုင်ခြင်းက ကျွန်တော်ရင်ဘတ်ကို ခလုတ်တိုက်လဲစေတယ် ... အမြင်သစ်တစ်ခုကို အသစ်မမြင်နိုင်တဲ့ သူတွေအတွက် အရာရာဟာ ဟောင်းနွမ်းနေမှာ အမှန်ပဲ...လူတစ်ကိုယ် အတွေးတစ်မျိုးနဲ့ လူတိုင်းဟာ မှန်နေတယ်ဆိုတာတော့ ယုံထားတယ် ...
... ကျွန်တော် အဖြူရောင် ကြိုက်တယ် ... အဲကြောင့် ညစ်နွမ်းအောင် အရောင်ဆိုး ခံရမဲ့ လူတစ်ယောက်အဖြစ် အဆင်သင့်ပြင်ထားသူ ဖြစ်နေတယ် .... ရင်ဘတ်နဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်အသိုင်းအ၀န်းရဲ့ လှောင်ရယ်သံတွေနဲ့ နေသားမကျရစေနဲ့လို့ တောင်းဆုပြုထားတယ် ...သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုပေမဲ့ ကောင်းတာလုပ်တိုင်းလဲ ကောင်းတာ ပြန်ဖြစ်ဖို့ မျှော်လင့်နေတတ်သူ မဟုတ်ခဲ့ဘူး ... မျှော်လင့်ချက်တွေ အတိုင်းအဆမဲ့စွာနဲ့ အိပ်ပျက်ညတွေကို ဖြတ်သန်းခဲ့သူအတွက် ရလဒ်တစ်ခုက အိမ်မက်တွေ အဝေးကို ပြေးထွက်သွားခဲ့တာ ဆိုးတယ် ...
... အမှန် နဲ့ အမှားဟာ ဒင်္ဂါးပြားရဲ့ တစ်ဖက်တစ်ခြမ်းဆီမှာ နီးနီးလေးနဲ့ ကျောခိုင်းနေတဲ့ အရာနှစ်ခုပဲ ... ခေါက်ရိုးကျိုးနေတဲ့ နေ့ရက် အတိတ်တွေကြားမှာ ငါ့ အသိစိတ်တွေ အမြစ်တွယ်နေမှာစိုးတယ် ... ပြောင်းလဲခြင်းတရားတွေကြားမှာ အရောင်မပြောင်းတတ်တဲ့ ငါ့ရဲ့ ကျောက်ချထားတဲ့ စိတ်ကို ပြန်ဆယ်ရအုံးမယ် ...
... အပြောနဲ့ အလုပ်မညီခြင်း ညီခြင်းကို လူတစ်ယောက်ရဲ့ ဖြူစင်တဲ့ အပြုံးနဲ့ တိုင်းတာလို့ရတယ် ... အလွှာအထပ်ထပ်နဲ့ မျက်နှာဖုံးတွေအောက်မှာ ဘယ်အရာတွေက အပိုင်စီးထားသလဲ ဘယ်သူသိမလဲ ... ဒါပေမဲ့ မျက်လုံးတွေကတော့ အမှန်တရားကိုသာ အော်ပြောနေမှာ ကျိန်းသေတယ် ... အငိုမျက်လုံးနဲ့ အပြုံးမျက်နှာပိုင်ရှင်တွေကို လက်ချိုးရေကြည့်လို့တော့ ရမယ် မထင်မိဘူး ... ခံစားချက်ပျောက်ဆုံးနေတဲ့ ရုပ်သေး ၊ စက်ရုပ်တွေလို လူသားတွေ ဘယ်နှစ်ယောက်များ ရှိလိမ့်မလဲ ... အသိတရားနဲ့ ထိန်းချုပ်ခံထားရတာ လူသားတစ်မျိုးပဲ ရှိတာကတော့ ကျိန်းသေတယ် ... ဆင်ခြင်တုံတရားတွေ အောက်မှာ ဖြစ်သင့် မဖြစ်သင့် ဆိုတဲ့ အတွေးတွေနဲ့ ဆန္ဒတွေ လက်လွတ်ဆုံးရှံးခဲ့ရတာ ဘယ်နှစ်ယောက်လောက်ရှိမလဲ ...ကျွန်တော်ဟာလဲ ဘာမှ မဟုတ်တော့ ဒီလိုပါပဲလို့ ဆိုရမလိုပါပဲ ...
... ဘာအတွက် ဘာတွေလုပ်နေမိတယ် စဉ်းစားမိဖူးသူ မဟုတ်ခဲ့ဘူး ... သေချာတာတစ်ခုကတော့ လူတိုင်း လူတိုင်း အတ္တ အစိတ်အပိုင်းတစ်ခုတော့ ပါနေတယ် ... ဘာလုပ်လုပ် ဘာပြောပြော ဘာဆိုဆို ... အမြင်ကျဉ်းတာလား အကျယ်ကို မမြင်တာလား မသိမှတော့ လောကကြီးက လေးထောင့်တုံးလို ဂွကျကျကြီး ဖြစ်နေတာတော့ မဆန်းဘူး .... အမြင်ဆိုတာက ကြည့်တဲ့သူတွေရဲ့ စိတ်အာရုံခံစားနိုင်စွမ်းနဲ့လိုက်ပြီး ကွားခြားကွဲပြားနေတာတော့ အမှန်ပဲ ...... လူဟာ လူသာဖြစ်သမို့ လွတ်လပ်ခြင်းတိုင်း ကို အသိအမှတ် ပြုဖို့ သတ္တိတော့ ပိုမွေးရတယ် ... လွတ်လပ်ခြင်းဟာ လမ်းမှားခြင်းကို ဦးတည်မဲ့ သူအတွက် သံခြေချင်းတွေ အခတ်ခံရတာတော့ မဆန်းဘူး ... လက်တစ်ချောင်းကို ထောင်ကြည့်ရင် တစ်ဖက်ကကြည့်တော့ လက်ဖ၀ါး တစ်ဖက်က ကြည့်တော့ လက်ဖမိုး ဆိုတော့ ပြောရခက်သား ...
... တစ်ပါးသူ အမြင်တိုင်း နေထိုင်နေရင် မင်းဟာ ကပ်ပါးကောင်ပဲ ဆိုတာ ကျိန်းသေတယ် ... လောကကြီးရဲ့ အသိညာဏ်နဲ့ ယှဉ်ရင် မင်းဟာ သေးသေးလေးပဲ ... ဖြုတ် ဦးနှောက်လောက်ရှိတဲ့ အသိတရားလေးတွေနဲ့ မာန် မတက်မိစေနဲ့ မင်းရဲ့ ရှေ့တစ်လှမ်းမှာ မီးပျက်နေတယ် ... ကျွန်တော်လဲပဲ အသိတရားသေးသေးလေးနဲ့ လူလုပ်နေတယ် ... သူများထက် ခေါင်းတစ်လုံးသာချင်ရင် သူများခေါင်းတော့ လှေခါးလုပ်ပြီး နင်မတက်မိစေနဲ့ ... မွေးရာပါ အရည်အချင်းပါလာရအောင် မင်းက ပါရမီ အထုံထုံဖြည့်ဆည်းလာတဲ့ လူလား ...ငါ ဆိုပြီး မာန်တက်နေရင် ပတ်ဝန်းကျင်က တိတ်တခိုး
ရယ်သံတွေကို စောင့်ကြိုနေပေတော့ ...
... မရှိတာကို အရှိလုပ်ပြီး ဟန်ဆောင်ပြီး ကြွားနေဖို့ မင်းမှာရထားတဲ့ မင်း အတ္တက မင်းကို နိုးဆော်နေမယ် ... အထင်နဲ့ အမြင်ဟာ တစ်ခါတစ်လေ တောင် နဲ့ မြောက် ၊ အရှေ့နဲ့ အနောက်လို သိပ်နီးနေမှာတော့ မဟုတ်ဘူး ...
... မသိခြင်းကနေ သိခြင်းတရားတွေဆီ အရောက်အတူသွားမယ်ဆိုရင် မင်း အတ္တတွေကို အရောင်မှိန်ပြီး ပိန်ကပ်နေအောင်လုပ်ထား ... မင်း ခြေထောက်ပေါ် မင်း ရပ်တည်နိုင်ဖို့ ခြေထောက်ပါအောင် မွေးပေးလိုက်တဲ့ မင်း အမေကို ကျေးဇူးလဲတင် ... ကိုယ့်ဝန် ကိုယ်ရုန်းဖို့ ဖခုံးသားကောင်းဖို့တော့ မင်းတာဝန်ပဲ ...

Subscribe to:
Posts (Atom)